Saturday, March 28, 2015

သွင်သွင်


                         သွင်သွင်

 

ငါ့ဆီက အများကြီး မျှော်လင့်မထားသင့်ဘူး
ကခဲ့တဲ့ ကကြိုးကကွက်တိုင်း အလံ မလွှင့်နိုင်ပေမဲ့
ကမ္ဘာမြေပေါ် စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေက အစ
ပုဂ္ဂို လ်ရေးဆန်မနေကြ။

အချို့ အချို့သော စိတ်ရဲ့ စိမ့်ယိုပေါက်တွေကို
လှည့်မကြည့်ပေမဲ့ မြင်တွေ့နေရ
ငါ့နှလုံးသားလေးကလည်း မမြင်ယောင် မပြုနိုင်ရှာ
စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေမှာ
ကျောင်းနေအရွယ် အသက်မပြည့် စားပွဲထိုးလေးတွေ
တည်ခင်းဧည့်ခံ စားသောက်ဖွယ်ရာများကို
အမှားကင်းစင်နယ်မြေက လာရောက်သူလို
ခန္နီစ ပြည့်ဝ လူကြီးလူကောင်းလို
ကမ္ဘာကြီးကို ပါရမီဖြည့်မယ့်သူလို
အဆင့်အတန်းရှိရှိ အရသာရှိရှိ မှာယူစားသောက်အပြီး
စားပွဲထိုးလေး သိမ်းဆည်းရင်း ကျကွဲသွားတဲ့ ပန်းကန်ထဲ
ငါ့ဘ၀ကလည်း ကျကွဲခဲ့ပါပြီ....
ငါ့ဆီက အများကြီး မျှော်လင့်မထားသင့်ဘူး။

အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ
ဆောက်သောတိုက်
အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ
ခင်းသောလမ်း
အဲ့ဒီတိုက်တွေ လမ်းတွေကလည်း ရောယောင်အသက်မပြည့်ကြ
နုနယ်အားကြီးတော့ ကြေကွဲ ပျ က်စီးလွယ်ကြ
တစ်နေ့တာ လုပ်အားခ ငွေကြေးဟာ
တစ်နေ့စာ စားပြီး သောက်ပြီး အတိုးသတ်အပြီး
သံသရာခရီးကို ပြီးပြီးရော သွားနေကြ
အလုပ်ရှိတယ် ပြောလို့ရပြီးရော ခရီးဆက်ကြ
မြန်မာပြည်မှာ နေထိုင်ပေမဲ့
သူတို့လေးတွေရဲ့ အနာဂတ်ဟာ
မြန်မာပြည်ထက် ပိုမို ကျယ်ဝန်း
ပြုံးလိုက်စမ်းပါ
ရွှန်းရွှန်းစားစားကြီးပြုံးလိုက်စမ်းပါ
ငါ့ဆီက အများကြီး မျှော်လင့်မထားသင့်ဘူး။

သွင်သွင်စီးသလား
သွင်သွင်ကျိုးသလား
ဒါနဲ့....မိတ်ဆွေတို့ရော ရှာဖွေတွေ့ရှိခဲ့ပါရဲ့လား
ကျောင်းနေစဉ် ပညာရှာတုန်းက
စာသင်ခန်းထဲက သင်ပုန်းပေါ်မှာ
သင်တို့ တစ်ဘ၀စာ ပုန်းလို့ ခိုလို့ရမယ့်နေရာ။         ။

                                                                     ရိုးသက်
                                                    april,2015.IDEA မဂ္ဂဇင်း  
                                                     သရုပ်ဖေါ်ပန်းချီ...လင်းငြိမ်