Wednesday, July 1, 2015

                  သံခိပ်

 

သူ့ဘ၀သူ စိတ်နာလို့
သူကိုယ်တိုင် မရေးမခြစ်ဘဲထားတဲ့ အတ္ထု ပတိကို
အမှိုက်ပုံတစ်ပုံအား ပလပ်စတစ်ကောက်ကလေးငယ်များဖွသလို ဖွနေရတာ
ပျော်လား
ဒီလို အဖြစ်မျိုးတွေ ကမ္ဘာကြီးပေါ်မှာ ရှိနေလား။

ချစ်သူနှစ်ဦးရဲ့ နှစ်ရှည်လများ ချစ်ခြင်းကို
နွားတစ်ကောင်လို ကြိုးတုပ်၊ငယ်ထိပ်တည့်တည့် တူနဲ့ထုနှက်
အသေသတ်။
အရေဆုတ်။
အသားညှင်း။
မီးပြင်းပေး။
ရေနွေးမြည်း။
မိတ်ဆွေတို့ရဲ့ စကားဝိုင်းလေး ခရီးတွင်ပါရဲ့လား
ပျော်လား
ဒီလို အဖြစ်မျိုးတွေ ကမ္ဘာကြီးပေါ်မှာ ရှိနေလား။

ကြောက်ချင်ယောင်ဆောင်ထားတဲ့ ကျောက်ချဉ်ခဲ အဖြူရောင်လေးပါ
နောက်ကျုနေတဲ့ သောက်သုံးရေထဲ ထည့်စိမ်လိုက်
မိတ်ဆွေတို့ လိုအပ်နေတဲ့ ရေသန့်သန့် သောက်သုံးရမှာပါ
အဲသလို၊ကမ္ဘာလုံးပေါ်မှာ ကျကျနန ထိုင် 
ကိုယ့်အနာဂတ်ကိုယ် အနိုင်ယူထားသူ
ချစ်သူငယ်ချင်းတို့က ငါ့အကြောင်းကို မူဟန်အသွယ်သွယ် တွေးခေါ်ကြ
ပျားတွေတုပ်ကြ။
ခရာတွေတုပ်ကြ။
ကြက်တူရွေးလို နုတ်တိုက် လိုက်ဆိုကြ။
ကျီးတွေအာသလို အာကြ။အာဖြစ်ဖို့သာ အဓိက။
ပျော်လား....ပျော်လား
အဲသလို ပျော်လားလို့မေးတော့ နားကြားပြင်း ကပ်လား
ပျော်လား....ပျော်လား
ငါ့ဘ၀ အနားသတ်မျဉ်းကို ကြည့်ပြီး စိုးစိတ်တွေနဲ့
ငါ့အနားတိုးကပ် ငါ့ဘ၀ကို မျှင်းမျှင်းသတ်နေရတာကို
ခံစားမှုတွေ အုတ်အော်သောင်းတင်း ဒဏ်ရာကိုယ်စီကိုယ်ငှ
တစ်ယောက်ကိုတစ်ယောက် ဝေကြမျှကြ၊မြိန်ရည် ယှက်ရည် လွှေးကြ
ဘာရယ်တော့ မဟုတ်ပါဘူး
မှုန့်မှုန့်ညက်မျှ ထုခြေခြင်းခံထားရသော ဘ၀အလွှာမှ ပေးပို့သော
ထုခြေလွှာတစ်ဆောင်ရယ်ပါ
"ရိုးသက်"လို့ အမည်ရပါတယ်
စာရွက်အလွတ်မှာ ဘာစာလုံးမှ မရေးဘဲ
"ရိုးသက်"လို့ ရေးလိုက်ရုံနဲ့ 
ကဗျာအထမြောက်နေပြီ
အဲသလို မသူတော်စိတ်နဲ့ လရောင်ဆမ်းပြီး
ကဗျာတစ်ပုဒ်ကို ဖန်ဆင်းသူကြီးပေါ့.....
ကိုယ့်ဘာသာ တိုးတိုးတိတ်တိတ် တစ်ကိုယ်တော် အသည်းကွဲတာတောင်
တိုင်းသိပြည်သိ အသည်းကွဲလို့ ကွဲရ
မဟုတ်မှ လွဲရော
မဟုတ်လို့ လွဲခဲ့ကြရတာပဲ
ခင်ဗျားတို့။ကျွန်တော်တို့လည်း မဟုတ်မှ လွဲရော
အခုထိတော့ ဟုတ်နေကြပါသေးတယ်
ကဲ၊လွမ်းလိုက်
ပုဝါကူခွင့်ပေးတယ်။
ရေရူခွင့်ပေးတယ်။

                                 ရိုးသက်
           ဇူလိုင်၊ ၂၀၁၅၊ ရယ်စရာ မဂ္ဂဇင်း
 

No comments:

Post a Comment